မမ_
အရှေ့ကနေထွက်ပြီး အနောက်ကနေဝင်တာပဲဖြစ်ဖြစ်
အနောက်ကနေထွက်ပြီး အရှေ့က နေဝင်တာပဲဖြစ်ဖြစ်
အရပ်ဆယ်မျက်နှာမှာ မမ ကိုပဲမြင်တယ်။
23 ½° လည်ရုံမကလို့
90° ဇောက်ထိုးပဲ ထားထား
မမ ကမ္ဘာမှာဆို ကျွန်တော် လည်ရဲတယ်။
မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာ ထားခဲ့လိုက်တော့
အလုပ်အပြန် အိမ်ပေါက်ဝက မမအပြုံး လေးနဲ့ ဆီးကြို
ကျွန်တော်ပဲ ပေါင်း ထမ်းလိုက်မယ်။
မောင်လို့ပဲ ခေါ်ခေါ် ယောက်ျားလို့ပဲ ခေါ်ခေါ်
ဘုရားသွား ကျောင်းတက် ပန်းစည်းကိုင်ပေးတာအစ
ကလေးသိပ်တာ အဆုံး အားလုံးမောင့်တာဝန်ပဲထား။
မမ အလုပ်က ကျွန်တော့်ကို ချစ်ပေးဖို့ပဲ။
ပုံပြောကောင်းတဲ့ ဖေဖေ ဒီတခါ ကျွန်တော့်ကို ဖြစ်ခွင့်ပေး။
ပိုးပဲကိုက်ကိုက် အနာပဲပါပါ အဲ့ဒီပန်းကို ကျွန်တော်ခူးမယ်။
တစ်သွေးပဲ လှလှ ၊နှစ်သွေးကျမှ ကျကျ
မမကို ကျွန်တော် ချစ်တယ်။
ဒူးမနာ လည်း ကျွန်တော့်သားလို့ သတ်မှတ်မယ်။
မမ ကချစ်တဲ့အချစ်နဲ့ ကျွန်တော့် ဂရုစိုက်မှုနဲ့
သားသား ပျော်စေရမယ်။
မမ နာမည်နဲ့ ရောပြီး မှည့်ထားတဲ့ နာမည် ဖြစ်ဖြစ်
ဟိုကောင့် နာမည် ပါနေတာပဲ ဖြစ်ဖြစ် မမ သားဟာ
ကျွန်တော့် သားပဲ။
ဦးလို့ပဲ ခေါ်ခေါ်၊ဖေဖေလို့ပဲ ခေါ်ခေါ်
ကျွန်တော် က သူနဲ့ အတူ ဘောလုံးလည်း အတူကန်ပေးမယ် မမ ကိုလည်း သားသားနဲ့ လုနမ်းမယ်။
ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ မမရယ်။
ကလေးကလည်း သိပ်ရအုံးမယ်၊ မီးပူလည်း တိုက်ရအုံးမယ်ဆိုပြီး စိတ်မညစ်လိုက်နဲ့။ကာတွန်းကား အတူကြည့်ပေးမယ်။ သီချင်းလည်း ဆိုတတ်တယ်၊ကဗျာလည်း ရွတ်ပေးမယ်၊
ပုံပြောပြပြီးလည်း သိပ်တတ်တယ်။
သားသား ကို ကျွန်တော့်လက် အပ်လိုက်ကွယ်။
စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေ
အိမ်တံခါးကိုပိတ် အချိန်ကုန်အောင်
ပျော်စရာကို အတူတူရှာကြမယ်။
အဖြူ ရောင် လည်ကတုံးနဲ့
ညာဖက်လက်မှာ ပန်းစည်းကိုင်
ဘယ်ဖက်လက်နဲ့ သားသား ညာဖက်လက်ကိုဆွဲလို့
သားသားဘယ်ဖက် ဘေးမှာ ပြုံးရွှင်နေတဲ့
ကျွန်တော် ချစ်တဲ့ မမ နဲ့
ကဲ ကျွန်တော် ဘယ်လောက်တောင် ပျော်နေလိုက်မလဲ ဗျာ။
မမ က ပုရိတ်ပဌာန်းရွတ်
ငြိမ်နေတဲ့ သားလေးနဲ့ ဘေးမှ ယပ်တောင် တစ်ချောင်းကိုင်ထားတဲ့ ကျွန်တော် နဲ့ ဘယ်လောက် အေးချမ်းလိုက်လဲ။
ကြီးရင်မှီ ငယ်ရင်ချီဆိုတာ
မမနဲ့ကျွန်တော်ကြားမှာ
မမက မှီပြီး ကျွန်တော်က ချီပေးမှာပါ။
အသက်အရွယ် ဆိုတာကလည်း ကိန်းဂဏန်းတွေပဲ
မမ မို့လို ပိုချစ်တယ်။
အပေါင်းအသင်းတွေ က
နွားလို့ပဲ ခေါ်ခေါ် ကျွဲလို့ပဲ နာမည် ပေးပေး
အချစ်စစ်ဆိုတာ လှပတယ်လို့ပဲ
ကျွန်တော်ပြန်ပြောလိုက်မယ်။
မမကို အဲ့လိုချစ်တယ်။
ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အခါ
ဆေးကို ကျွန်တော်ကပေးမယ်
မီးကို လည်း ကျွန်တော်က ယူမယ်။
ကဲ တစ်ပင်ထူလိုက်တော့ မမရယ်။
Than Htike Aung
.